1. 1. 1.

Tuesday, July 31, 2012

မအိုချင်လျှင် မအိုပါ

 (၁)     သင့်ကိုယ်သင် အိုမင်းနေပြီးဟု သင့်စိတ်ကမထင်မြင် မယူဆသေးသမျှကာလပတ်လုံး သင် မအိုသေးပါ။

(၂)     ငါ သိမှတ်စရာ၊ သင်ကြားစရာ အားလုံးကို ငါ သိမှတ် သင်ကြားပြီးပြီဟု သင့်ကိုယ်သင် မထင်မှတ်      သေးလျှင် သင် မအိုသေးပါ။

(၃)     “ဒီလိုအလုပ်မျိုး လုပ်ရန်အတွက်တော့ ငါက အိုလွန်းနေပါပြီး” ဟု သင်မပြောဆိုမိသေးလျှင် သင် မအိုသေးပါ။

(၄)     “နက်ဖြန်အတွက် မျှော်လင့်ချက် မရှိတော့ပါဘူး” ဟု သင် မထင်မြင်သေးပါလျှင် သင်မအိုသေးပါ။

(၅)     လူငယ်များ၏ ပျော်ရွှင်မြူးတူးကြခြင်းမှာ သင် အရသာမခံတက်ခြင်းနှင့် စကြ၊ ပြောင်ကြခြင်းကို သင် နားကြားပြင်းကတ်ခြင်း၊ မြင်ပြင်းကတ်ခြင်းများ မရှိသေးလျှင် သင် မအိုသေးပါ။

(၆)     သူတစ်ပါးက ပြောပြခြင်းကို နားထောင်ရန်ထက် မိမိကသာ စကားပြောလိုစိတ် မထားရှိသေးလျှင် သင် မအိုသေးပါ။ 

(၇)     သင် ငယ်စဉ်တုန်းက အခါကောင်းခဲ့ခြင်းကိုသာ (မှန်ပါသည် ငါငယ်စဉ်က ခေတ်ကောင်းခဲ့သည်မှာ သေချာပါသည်) တတမ်းတတနှင့် ရှိမနေပါလျှင် သင် မအိုသေးပါ။

(၈)     သင့် အိမ်နီးချင်းများ၊ မိတ်ဆွေများနှင့် မိမိလူမျိုးကို ကူညီ ရိုင်းပင်းလိုစိတ် ကုန်ခန်းခြင်း မရှိပါလျှင် သင် မအိုသေးပါ။

(၉)     နက်ဖြန်အတွက် အလုပ်လုပ်ရန် အစီအစဉ်များ ငါ့မှာ မရှိတော့ပါဟု သင်ပြောဆိုခြင်း မပြုသေးပါလျှင် သင် မအိုသေးပါ။

(၁၀)     ပြသ၁နာရပ်များအတွက် စကားအချေအတင်ပြောဆိုရာတွင် မှန်ကန်မှုထက် မိမိအနိုင်ရရှိရေးကိုသာ သင်ရှေးရှုခြင်း မရှိပါလျှင် သင် မအိုသေးပါ။

မှတ်ချက်။     ။ အသက်အရွယ်လေးက ရလာတော့ ဘာရယ်မဟုတ် တစ်ခါတစ်လေတော့လည်း သေရမယ့်ရက်ကို အသေအချာတွက်ကြည့်ပြီး အားငယ်လာသလိုပဲ။ သေမှာကြောက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အိုခြင်း၊ နာခြင်းဆိုတာ မရှိရင် သိပ်ကောင်းမှာပဲလို့တွေးမိတယ်။ ကျမလိုတွေးမိတဲ့သူတွေလည်း ရှိရင်ရှိမှာပေါ့နော်။ ကျမသာ ဖန်ဆင်းရှင်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီ အိုခြင်း၊ နာခြင်းဆိုတာကို အဝေးကြီးကို မောင်းထုတ်ပြစ်မှာ သေချာတယ်။

Friday, July 27, 2012

အလွမ်းပျိုးတဲ့ မိုး

အုံ့မှိုင်းနေတဲ့ မိုးတိမ်တွေက
ဒီအလွမ်း ပျိုးပင်တွေကို
ထာဝရ ရှင်သန်စေဖို့
အားပေးလို့ နေသလားကွယ်...။

သွန်းဖြိုးနေတဲ့ မိုးပွင့်တွေက
ခံစားချက်ကို အသက်သွင်းနေသလို
တစ်ခါကအဖြစ် လွမ်းရစ်စေဖို့
လက်ကမ်းလို့ ကြိုနေသလားကွယ်...။

ဟိုစဉ်ခါက ဒီ... မိုးသည်းသည်းမှာ
နှစ်ယောက်သား လျှောက်လည်ခဲ့ကြတယ်။
တဖွဲဖွဲနဲ့ မစဲလေတဲ့
မိုးပုလဲပန်းတို့ ဆင်းသက်ပုံကို
လှပတဲ့ အက္ခရာတွေနဲ့
ကဗျာတစ်ပုဒ် သီကာကုံးလို့
လက်ဆောင်အဖြစမောင်  ကပေးခဲ့ဖူးပါတယ်။

မိုးစက်တွေကြား မောင့် မျက်နှာလေး
ဝိုးတ၀ါးပဲ မြင်နေနေ....

မိုးစက်တွေကြား မောင့် အပြုံးများ
ဝိုးတ၀ါးပဲ ထင်နေနေ....
မမေ့နိုင်ခဲ့တာ သစ္စာစကားပါ  မောင် ...။

သတိရခြင်းတွေက
တိတ်ဆိတ်နေပေမယ့်
မိုးဖွဲတွေကြား အလွမ်းမျက်ရည်များ
နှလုံးသားမှ ယိုဖိတ်လာတာ
တားဆီးလို့လည်း မရခဲ့ပါလားကွယ်...။

မှတ်ချက်။   ။ ပြတင်းတံခါးရဲ့ အပြင်ဘက်ဆီက မိုးဖွဲဖွဲကြား ခဏအကြည့်မှာ မြင်လိုက်ရတဲ့ မှုံဝါးဝါးခံစားချက်လေးပါ။

Thursday, July 26, 2012

တောင်းပန်ပါရစေ

တိမ်မဲတွေ အာကာပြင်က
လေနှင်ရာ မိုးကိုခေါ်ပြီး 
ထစ်ချုန်းသံ ကစုန်ပေါက်လို့
ရွာတော့မယ် ဟန်ပြင်။

ငိုချင်သူကို လက်တို့နေသလို
ငါ...အရမ်းကို လွမ်းနေရလို့
မပြိုပါနဲ့ မိုးမင်းရယ်လို့
တောင်းပန်လိုက်ချင်။

မိုးကောင်းကင် သားအိမ်အတွင်းမှာ
ကြယ်စင်တွေ ကခုန်လို့
လမင်းလေး ပြုံးနေပါလျှင်
လှပတဲ့ ကာရန်တွေနဲ့
ကဗျာလေးတွေ့ ဖွဲ့နွဲ့လို့
ဂုဏ်ပြုလိုက်ချင်။

အကြောင်းပြချက်။          ။မိုးက ရွာလိုက် တိတ်လိုက် နဲ့ တော်တော်ကိုကြာနေပြီး။ မနက်လင်းလို့ အလုပ်သွာနေကြတဲ့ လူတွေကြည့်ရင် မိုးရေထဲမှာ အဆင်ပြေမယ်မထင်ဘူး.. ညနေအလုပ်ပြန်တော့လည်း မိုးရေထဲမှာ စိုစိစိုစိနဲ့..။ဆေးခန်း ကြည့်ပြန်တော့လည်း အအေးမိပြီး ဖျားနေတဲ့လူနာတွေ အပြည့်ပဲ..။ ဒီမိုးက တရားတော့လွန်နေပြီး... အဲ့ဒါနဲ့ ရင်ထဲက ခံစားချက်တွေက မနေသာပဲ ကဗျာတစ်ပုဒ်ဖြစ်သွားတာ...:PPP

Monday, July 23, 2012

ချစ်တက်လာသောအခါ

ကျမကိုယ်ကျမ မချစ်မိစဉ်က
ငါရေးတဲ့ကဗျာ မကောင်းသေးပါလားလို့အားငယ်မိပြီး
ကျမကိုယ်ကျမ ချစ်မိသောအခါ
ငါရေးထားတာပဲ ကောင်းတာပေါ့ဆိုတဲ့ ခွန်အား ဖြစ်စေခဲ့တယ်။


ကျမကိုယ်ကျမ မချစ်မိစဉ်က
သမာရိုးကျဘ၀လေးနဲ့ ရောင့်ရဲနိုင်ခဲ့ပြီး
ကျမကိုယ်ကျမ ချစ်မိသောအခါ
အောင်မြင်ပျော်ရွှင်သောဘ၀ကို တောင့်တခဲ့တယ်။


ကျမကိုယ်ကျမ မချစ်မိစဉ်က
ကံကိုသာ အားကိုးခဲ့သလောက်
ကျမကိုယ်ကျမ ချစ်မိသောအခါ
အလုပ်ကိုသာ အားကိုးတက်လာတယ်။


ကျမကိုယ်ကျမ မချစ်မိစဉ်က
အထီးကျန်ရခြင်းမှာ ပျော်မွေ့နေပြီး
ကျမကိုယ်ကျမ ချစ်မိသောအခါ
အထီးကျန်ခြင်းကို အားနည်းချက်တစ်ခုလို့ မြင်တက်လာတယ်။


ကျမကိုယ်ကျမ မချစ်မိစဉ်က
တစ်စုံတစ်ယောက်ကို ချစ်ရကောင်းမှန်းပင် မသိနိုင်ဖြစ်ခဲ့ရပြီး
ကျမကိုယ်ကျမ ချစ်မိသောအခါ
တစ်စုံတစ်ယောက်အား ချစ်ခြင်းဖြင့် ကျမဘ၀ကို မြတ်နိုးမိစေတော့တယ်။

Saturday, July 21, 2012

ရင်ဘတ်ထဲက ပဲ့တင်သံ


ရင်ထဲမှာပဲ
မှန်ကန်စွာ ထိန်းသိမ်းထားခဲ့တာ။

ပြောချင်နေတဲ့ စကားလုံးပေါင်း
ထောင်သောင်းမက ရှိနေပေမယ့်
ဆွံ့အလို့ နေလာခဲ့တာ 
အမှန်တရား အတွက်လား။

မဖြစ်နိုင်းဘူးဆိုတဲ့ စကားလုံး
ဘယ်သူတွေကများ စသုံးခဲ့သလဲ။

လောကကြီး ဆိုတာကို 
စပြီးဖန်တီးခဲ့တာ
အသိဥာဏ်မြင့်တဲ့ လူသားတွေပါ။

ကဗျာဆန်ဆန် လှပဖို့အတွက်
သနပ်ခါးဆိုတဲ့ အက္ခရာက
ရာဇ၀င်ထဲမှာ
အသေအချာ ရှိခဲ့တာပါ။

အတုအယောင် ဆိုတာက
ခဏတာပဲ မျက်နှာသာရနိုင်တာပဲ...
မရေရာတဲ့ သူ့ဘ၀ကြောင့်
ပေတရာမှာ မရှု့မလှ
ပျက်ဆီးသွားရ တာပဲလေ။

ဟိုမှာ... ပြတင်းတံခါးဖွင့်လို့
အပြင်လောကကို တစ်ချက်ကလေးမြင်ကြည့်ပေးပါ...
အမှန်တရားတွေက ကမ္ဘာတစ်ဖက်ခြားနေတာ
ရင်နာစရာပါ။

အခုတစ်လော
သိပ်ကြိုက်နေတဲ့ သီချင်းတစ်ပုဒ်ရှိတယ်
ခွန်သန်းထွန်း ဆိုထားတဲ့ (မြှားဘုရင်)တဲ့
ရိုးသားပြီး ဖြူစင်တဲ့
စစ်မှန်တဲ့ အမှန်တရားတွေကိုသာ
သူ့ဘ၀မှာ ကိုးကွယ်ခဲ့တယ်ဆိုတာ
ငြင်းဆိုဖွယ်ရာ မရှိဘူး။

သေချာနားထောင်တယ်
ကြိုက်လွန်းလို့ပါ 
ရင်ဘတ်ကြီးနဲ့ နားထာင်တယ်
အရမ်းမှန်တာပဲ...
ဒါ တစ်ကယ့်အမှန်တရားပဲ။

အမှန်တရားဆိုတဲ့ စကားလုံး
သိပ်သုံးပြန်ရင်လည်း
လူတစ်ကာမုန်းတာ ခံရတယ်တဲ့
တစ်ကယ်ပါပဲလား...
နေပါစေ မုန်းစမ်းပါစေ
မုန်းပြီးရင် ချစ်လာမှာပဲ
အဲ့ဒါကို သဘာဝတရားရဲ့
ချစ်စရာကောင်းတဲ့ လှည့်ကွက်တစ်ခုလို့
သဘောထားလိုက်မယ် ဒါအမှန်တရားပဲ။

အမြဲတမ်း တန်ဖိုးထားတာ
သဘာဝရဲ့ အမှန်တရားတွေပါ...
သူ့မျက်နှာပေါ်က အလှတရားလေး
သက္ကရာဇ်တွေ ပြိုနေပေမယ့်
သူ့အပြုံးတွေက နုပျိုနေတာ
လန်းဆန်းနေတာ ဒါအမှန်တရားပါ။

လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့
ကမ္ဘာမြေရဲ့ တစ်နေရာမှာတော့
ဖြူစင်မှုတွေနဲ့ အနစ်နာခံပေးဆပ်သူတွေအတွက်
အမှန်တရားဆိုတဲ့ ရေသောက်မြစ်က
ထာဝရ အမြစ်တွယ်နေမှာပါ။

Monday, July 16, 2012

အတွေးကောက်ကြောင်း


ပန်းနုရောင် ပါးပြင်ပေါ်
လေပြေတွေ တို့ထိတော့
ရှက်ပြုံးနဲ့ခေါင်းငုံ့စဉ်မှာ
ချိုသာတဲ့ အနမ်းတစ်ခုအဖြစ်
ငါ့အတွက်နင် ဖန်ဆင်းခဲ့တယ်။


ဝေးကွာလို့ လွမ်းနေတဲ့ငါ
အေးစက်တဲ့ ဒီညတွေမှာ
မိုးစက်တွေကို အဖေါ်ပြုရင်း
ချိုသာတဲ့ အတွေးတစ်ချို့ကြောင့်
လျှပ်တစ်ပြတ်အပြုံးလေးနဲ့
ရင်ခုန်လာခဲ့တယ်။


တေးဆိုတဲ့ ကျေးငှက်တို့ရဲ့
သံစဉ်ကို ကြားရပြန်တော့
ဆုံမှတ်မရှိတဲ့ ဘ၀နှစ်ခုအတွက်
ဒဏ်ရာတွေ ဗရပွနဲ့
(ဘာမှလဲမဆိုင်ပဲ)
ငါအရမ်းကို လွမ်းနေခဲ့တယ်။


ဝေဒနာတွေ ပျံသန်းလာကြ
လရောင်နွမ်းလျ ညတစ်ညမှာ
ကောင်းကင်ကို ငေးကြည့်ရင်း
ရင်ခုန်သံတွေလည်း
အေးစက်သွားမှာ စိုးမိပြန်တယ်။


နိုးတစ်ဝက် ညနက်တွေတိုင်း
ပြန့်ကျဲနေတဲ့ အိမ့်မက်တွေနဲ့
ဒီအလွမ်းညတွေကို ရင်ဆိုင်ခဲ့ရတာ
ငါ့ရင်တွေလည်း နာကျင်လှပါပြီး။


အိပ်မရတဲ့ ဒီညတွေဟာ
ငါ့အတွက်တော့ နတ်ဆိုးတစ်ပါးလား?

ခံစားချက်တွေ ညီမျှဖို့ကလည်း
နင်က... ငါ့ရဲ့ ဟိုး... အဝေးကြီးမှာ။


သစ်ရွက်ကြွေ မြေမှာခလည်း
အခမ်းနားဆုံး လွမ်းခြင်းတွေနဲ့
ငါ့ဘ၀ကို ပေးဆပ်ထားမယ်။
နေ့ရက်တွေ အချိန်တွေလည်း
ခပ်မြန်မြန် ကုန်ပါစေလို့
ဆုတောင်းရင်းနဲ့ပေါ့။ 
(၀ိုးတ၀ါး ခံစားချက်လေးပါ) :PP

Sunday, July 15, 2012

“မသိခြင်းငါးပါး ဘယ်သူကသိမလဲ”

လူသားအပါအ၀င် သက်ရှိသတ္တ၀ါအားလုံးဟာ မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ သနားစရာ သတ္တ၀ါတွေဖြစ်ပါတယ်။

(၁) ဘယ်အသက်အရွယ်မှာ သေမလဲ။
(၂) ဘယ်အနာရောဂါနဲ့ သေမလဲ။
(၃) ဘယ်အချိန်မှာ သေမလဲ။
(၄) အသေကောင်ကို ဘယ်သုသာန်မှာ စွန့်ပစ်ခံရမလဲ။
(၅) သေပြီးရင် ဘယ်ဘ၀ရောက်မလဲ။

ဒီမသိခြင်းငါးပါးက သက်ရှိသတ္တ၀ါအားလုံးကို လွှမ်းမိုးနှိပ်စက်နေပါတယ်။ ကိုယ့်ကိုယ်ကို သိလှပြီ၊ တက်လှပြီလို့ အထင်ရောက်၊ ဘ၀င်မောက်နေကြတဲ့ ပုဂ္ဂိုလ်များ ကိုယ့်ဘ၀ကိုယ် မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ ဘ၀လို့ နားလည် သဘောပေါက်ခဲ့မယ်ဆိုရင် အခြောက်တိုက် မာန်မာန တက်နေစရာ မလိုတော့ဘူး ထင်ပါတယ်။

မသိခြင်းငါးပါးကိုသာ လူသားအားလုံး သတိရကြမယ်ဆိုရင် တစ်ကိုယ်ကောင်းဆန်မှုတွေ၊ ကိလေသာ သောင်းကျန်းမှုတွေ နည်းပါးသွားပြီး ဒီကမ္ဘာလောကကြီးလဲ အပြစ်ကင်းစင် လှပသွားမှာ သေချာပါတယ်။ (အရှင်ဆန္ဒာဓိက)

Thursday, July 12, 2012

မဆန်းပြားပေမဲ့ ခမ်းနားပါတယ်

မဟာဆန်တဲ့ သူ့သဏ္ဍာန်က
မဆန်းပြားပေမဲ့ ခမ်းနားပါသည်။

မာယာကင်းတဲ့ သူ့အဆင်းက
ထာဝရဖြစ်တည် ဖြူစင်သည်။

အပြစ်ကင်းတဲ့ သူ့အသွင်က
နူးညံ့စွာနဲ့ ယဉ်တင့်ပါသည်။

စံပယ်ဖြူဖြူ မထူးပေမယ့်
သူ့ဟန်ပန်က သိမ်မွေ့ပါသည်။

ဖြူစင်မှုရဲ့ နိဂုံးချုပ်က
သူဘ၀မှာ အဆုံးသက်ပါသည်။

အမှန်တရားတွေနဲ့ လွှမ်းခြုံနေတဲ့
သူ့သမိုင်းကို စံပြုလောက်သည်။

အမုန်းကင်းတဲ့ သူ့သတင်းက
လေယူရာတိုင်းလည်း မွှေးပျံ့နေသည်။

ကဗျာဆရာများရဲ့ ကာရံမှာလည်း
သူ့အလှက စာဖွဲ့မကုန်သည်။

ဂန္ထ၀င်မြောက်တဲ့ ဖြူစင်မှုအဖြစ်
ရာဇ၀င်မှာ စာတင်စေသည်။

သက္ကရာဇ်တွေ အမြဲပြိုပေမယ့်
မလဲပြိုတဲ့ အလှစစ်ဖြစ်သည်။

Wednesday, July 11, 2012

အလွမ်း ဒဏ္ဍာရီ

ပျော်စရာလေးတွေနဲ့ အမှတ်တရနေ့ရက်လေးတွေ ဖန်ဆင်းပေးခဲ့သူကို သတိရခြင်းတွေသာ ပိုင်ဆိုင်ခွင့်ရတဲ့ဘ၀မှာ မိုးတွေရွာတိုင်းလည် သတိရနေခဲ့တယ်။

အမှတ်တရများစွာမှာ ဒဏ်ရာတွေမပါခဲ့လို့ မြင်ယောင်မိတဲ့ ဟိုစဉ်ကအချိန်တွေကို အခုလို မိုးစက်ကြွေတိုင်းလည်း မျက်ရည်ဝိုင်းလို့ လွမ်းနေခဲ့တယ်။

သံယောဇဉ်အကြည့်တွေနဲ့ လှပတဲ့ သံစဉ်ချိုတွေကြား အမြဲပျော်ရွှင်နေတက်တဲ့ သည်ပုံရိပ်လေးကိုပဲ နေ့ရက်တိုင်းလည်း သတိရနေခဲ့တယ်။

တစ်ခါတစ်ရံမှာ သောကတွေနဲ့ မောပမ်းနေသူတစ်ယောက်အတွက် အရင်တုန်းကလို အနွေးထွေးဆုံး ပွေ့ကြိုပေးခဲ့တဲ့ လက်တစ်စုံကို မိုးဖွဲတွေကြား လွမ်းနေဆဲပါ။

နှလုံးသားချင်း ဆက်သွယ်ထားတဲ့ ဝေးကွားခြင်းလေးကို ဂန္ထ၀င်မြောက်တဲ့ ကြေကွဲမှုအဖြစ် ရေးဖွဲ့ဆိုလို့ အလွမ်းကတ်တလောက်ထဲမှာပဲ ကဗျည်းထိုးထားလိုက်တယ်။

ခြားနားတဲ့ဘ၀တွေသာ ဒဏ္ဍာရီတစ်ပုဒ်ဖြစ်ခဲ့မယ်ဆို စာအုပ်တွေထဲမှာပဲ မျက်ရည်မိုးတွေနဲ့အတူ ပန်းတွေသီလို့ စာစီထားခဲ့ပ့ါမယ်။

အလွမ်းညတွေမှာ စိတ္တဇဆန်စွာနဲ့ ကြယ်ဖြူတွေကြွေတိုင်း ပျော်ရွှင်ပါစေကြောင်း အဝေးတစ်နေရာကနေ တိတ်တိတ်ကလေးပဲ ဆုတောင်းပေးနေမယ်။

ပုစ္ဆာတိုင်းမှာ အဖြေဆိုတာရှိသလို စစ်မှန်တဲ့မေတ္တာတွေအတွက် အမှန်တရားဆိုတာလည်း ဒဏ္ဍာရီထဲမှာ အထင်အရှား ရှိခဲ့ပါတယ်။

မျှော်လင့်ချက်တွေကို အဆုံးသက်စေခဲ့တဲ့ ဆည်းဆာချိန်ရဲ့ ငိုရှိုက်သံနဲ့အတူ ငါ့ဘ၀ရဲ့ ညနေခင်းလေး တစ်နေ၀င်ခဲ့ရပြန်တယ်။    

Monday, July 9, 2012

မဆုံးနိုင်တဲ့ နိဂုံး (စိတ်ပန်းချီ)

သဘာဝရဲ့ ကြီးကျယ်ခန်းနားတဲ့ အလှအပကောက်ကြောင်းတွေကို သေသပ်ကျနစွာ ရေးဖွဲ့ပုံဖေါ်တက်တဲ့ ပန်းချီ ဆရာတွေကို ကျမလေးစား ဂုဏ်ယူမိတယ်။

သဘာဝရဲ့ ပန်းချီကားတွေကို အလေးအနက်ခံစားနားလည်ဖို့အတွက် မျက်စိတစ်စုံကို ကျမ လေ့ကျင့် သင်ကြားနေခဲ့ပြီ။

သဘာဝရဲ့ ကောက်ကြောင်းတွေ ဖွဲ့စည်းမှုပုံသဏ္ဍာန်တွေ၊ အရောင်းနဲ့ အရည်အသွေး အဆင့်အတန်းကို ချိန်ဆတက်၊ တန်ဖိုးထားတက်ဖို့နဲ့ ဒီလောက်နှစ်သက်စွဲလန်းစရာကောင်းလှတဲ့ ပညာကို ကျမအကောင်းဆုံး လေ့လာခဲ့ပြီ။

ဘယ်ညာနှစ်ဖက်ညီညာစွာနဲ့ ပုံပန်းတကျလှပနေတဲ့ သစ်ရွက်လေးတွေရဲ့ သွက်လက်လှတဲ့ ဟန်ပန်လေးတွေ၊ သံစဉ်တေးသွားတွေနဲ့ ညီညွတ်လိုက်ဖတ်စွာ လှုပ်ရှားနေတာလေးတွေ နှစ်သက်ဖွယ် ရှုခင်းလေးတွေကို ကျမ နှစ်ခြိုက်တက်နေခဲ့ပြီ။

ဆောင်းရာသီမှာ အိပ်စက်နေတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့  အာရုံဦးလေညှင်းလေးနဲ့အတူ သစ်ပင်လေးပေါ် မြူးကြွစွာ သီကြွေးနေတဲ့ ငှက်ငယ်တွေရဲ့ သံစဉ်လှိုင်းတွေကို ကျမနှလုံးသားနဲ့ နားဆင်တက်ပြီး။

အိပ်စက်နေတဲ့ ကမ္ဘာမြေကို နိုးထစေတဲ့ နေမင်းရဲ့လင်းရောင်ခြည်တွေ ခမ်းနားထည်ဝါစွာနဲ့ ဖြန့်ကြက်ယှက်ဖြာ လာပုံတွေ၊ ညနေခင်းမှာ ရွှေအိုရောင်ဆည်းဆာအလှမျိုးတွေ စတဲ့ သဘာဝရဲ့ လှပမှုလေးတွေ ကို ရင်သပ်ရှုမောစွာနဲ့ ကျမစွဲလန်းတက်လာခဲ့ပြီ။

လူသားတိုင်းရဲ့ ပုံသဏ္ဍာန်မှာ ဘ၀ကြောင့်ဖြစ်ပေါ်တဲ့ ပဋိပက္ခတွေ၊ ခုခံဆန့်ကျင်မှုတွေ မထင်ဟပ်မစွဲကပ်မီ ရှိနှင့်တဲ့ ဖြူစင်မှု၊ ရှင်းသန့်ကြည်လင်မှုအလှကို ကျမခွဲခြားစွာ ရှုမြင်တက်ခဲ့ပြီ။

တန်ဖိုးရှိလှတဲ့ လောကရဲ့ သဘာဝအလှတရားပန်ချီကားလေးက ကျမကို လူ့ဘ၀ရဲ့ အနက်ရှိုင်းဆုံး ကဏ္ဍရပ် တွေကို လေ့ကျင့်သင်ကြားပြသပေးခဲ့ပြီ။ 

Sunday, July 8, 2012

စစ်မှန်သော ချစ်ခြင်းမေတ္တာများဖြင့်သာ

          အချစ်ဆိုတဲ့ ဝေါဟာရလေးက ကမ္ဘာဦးအစကတည်က ဖြစ်တည်လာ တဲ့ စကားလုံးလေးပါ။ ရှေးဒဏ္ဍာရီ ပုံပြင် တွေထဲက ဥပမာ.. အာဒံနဲ့ဧ၀ပေါ့။ ဒါမှမဟုတ် ရိုမီယိုနဲ့ ဂျူးလီယက်တို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ကဗျာဆရာတွေ စာဆိုတွေက အမျိုးမျိုး စာဖွဲ့လို့ မကုန် အောင် ရေးစပ်သီကုံးခဲ့ကြပါတယ်။ အချစ်ဆိုတာကို တစ်ချို့က ပူလောင်တယ်၊ တစ်ချို့ကြတော့လည်း အေးချမ်းတယ်လို့ ခံယူချက်အမျိုးမျိုးနဲ့ အဓိပ္မါယ်အမျိုးမျိုး ခံစားတက်ခဲ့ကြပါတယ်။ လောကမှာ လူသားတွေပင် အချစ်နဲ့မကင်းတာမဟုတ်ပါဘူး။ သက်ရှိသတ္တါတိုင်မှာ အချစ်ဆိုတာ ရှိကြပါတယ်။ သတ္တလောကကြီးထဲမှာ အသိဥာဏ်အမြင့်ဆုံးဖြစ်တဲ့ လူသားတွေဟာ အချိန်တန် အရွယ်ရောက်လို့ သီးချိန်တန်သီး ပွင့်ချိန်တန် ပွင့်ကြတာ ဓမ္မတာပါ။

          ရှေးရေစက်အကြောင်းကံပါလာခဲ့ရင်တော့ အတူဆုံစည်းစေဖို့ ဖူးစာရေးနတ်မင်းရဲ့(မြှားနတ်မောင်) မြှားချက်ကိုတော့ ရှောင်လို့မလွတ်နိုင်ပါဘူးနော်။ ဒါပေမယ့် ဘယ်လိုပဲ အကြောာင်းပါပါစေ၊ အချင်းချင်း ဖူးစာဆုံလို့ ထူထောင်တည်ဆောက်လိုက်တဲ့ အိမ်လေးတစ်လုံးကိုတော့ ခိုင်ခန့်တည်မြဲအောင် တည်ဆောက်နိုင်ကြရပါမယ်။ အခုခေတ်ကြီးမှာက သဘာဝမဟုတ်တဲ့ ဘေးအန္တရာယ်တွေက အများသားရယ်။ အဲ့လိုအိမ်လေးကိုတည်ဆောက်တဲ့အခါမှာ အချစ်အပြင်အဓိကအရေးကြီးဆုံးက စိတ်ပါပဲ။ စိတ်ဆိုတာက စကာလုံးသာ နည်းသာ အရမ်းကို ကျယ်ပြန့် နက်နဲတဲ့အရာပါ။ ဒါပေမယ် သူ့ကို ဆန်းစစ်တဲ့အခါမှာတော့ “ကောင်းတဲ့စိတ်”နဲ့ “မကောင်းတဲ့စိတ်” ဆိုပြီးတော့ နှစ်မျိုးဖြစ်ပေါ်လာပါတယ်။ 

     မိဘတွေက သဘောတူလို့ ပေးစားတာပဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် ချစ်ကြိုက်လို့ယူတာပဲဖြစ်ဖြစ် တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်ကသိထားဖို့ လိုပါတယ်။ နားလည်မှုရှိဖို့ကလည်း အရေးကြီးပါတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ ဘာမှမသက်ဆိုင်တဲ့ သူစိမ်းလူသားနှစ်ဦးက အတူတကွ အကောင်းအဆိုး မျှဝေခံစားပြီး အေးအတူပူအမျှနဲ့ အချိန်ကာလရှည်ကြီးတစ်ခုကို အတူရင်ဆိုင် ဖြတ်ကျော်ကြရတာပါ။ ဘ၀ရဲ့ အဖေါ်မွန်ဆိုတဲ့အတိုင်းပါပဲ ကိုယ်ဆုံးဖြတ်ရွေးချယ်လိုက်တဲ့ လက်တွဲဖေါ်ရဲ့ အပေါ်မှာ ကောင်းသည်ဖြစ်စေ၊ ဆိုးရင်လည်း ကောင်းလာအောင် အကောင်းဆုံးတွေကို တစ်ဦးနဲ့တစ်ဦး နားလည်မှုလေးနဲ့ ပြုပြင်တက်လာအောင် ပြောဆိုတက်ရပါမယ်။ အိမ်ထောင်တစ်ခုကိုတည်ဆောက်ဖို့အတွက် အချစ်တစ်ခုတည်းနဲ့တော့ မတည်မြဲနိုင်ပါဘူး။ အချစ်နဲ့အတူ အေးမြတဲ့မေတ္တာလေးတွေနဲ့ အခြေခိုင်အောင် တည်ထားနိုင်မှ ရေရှည်မှာ ခိုင်မြဲစွာ တည်ရှိနေမှာပါ။

          တစ်ယောက်ကို တစ်ယောက်မေတ္တာထားပြီး၊ တစ်ဦးရဲ့စိတ်ကို တစ်ဦးကနားလည်လို့ အပေးအယူ မျှတနေမှသာ အဆင်ပြေပြီး သာယာတဲ့ အိမ်ထောင်စုလေးတစ်စုအဖြစ် ထာဝရတည်မြဲနေမှာပါ။ အိမ်ထောင်မပြုခင် ချစ်သူဘ၀မှာ ကိုယ်ထာဝရလက်တွဲရမယ့်သူရဲ့ စိတ်ကို သိဖို့အတွက် အချိန်ယူ စဉ်းစားဖို့ အရေးကြီးပါတယ်။ စဉ်းစားတဲ့အခါမှာလည်း မိန်းခလေးဘက်က အနည်းနဲ့အများ ရင်းနှီးပေးဆပ် ရပါလိမ့်မယ်။ ကြောက်မသွားကြပါနဲ့အုံးနော်..:PPP။ ဥပမာ... လက်ကလေးကို ကိုင်ခွင့်ပြုတာတို့၊ ဆံပင်လေးနမ်းတာတို့၊ ခါးကလေးကို ဖတ်မယ်ပေါ့၊ ဒီလိုအပေါ်ယံတွေကို ပြောတာပါ။ အဲ့ဒီ့ထက်တော့ မပိုစေနဲ့ပေါ့။ ချစ်သူချင်း ရင်းနှီးမှလည်း တစ်ယောက်ရဲ့ အတွင်းစိတ်ကို တစ်ယောက်က သိနားလည်နိုင်မှာလေ။ အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည်ဆုတ်ထိုး ထိုသုံးမျိုးမပိုင်လျှင် နောင်ပြင်ရန် ခက်သည့်အမျိုးတဲ့စကားပုံအတိုင်းပါပဲ၊ အခုရှုပ်မှ နောင်ရှင်းမှာပါ။ သစ္စာတရားကို လက်ကိုင်ထားပြီး ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာလူမျိုးပီသချင်ရင်တော့ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးကြရမှာ ဖြစ်ပါတယ်။ ထို့ပြင် မိမိချစ်သူက မိမိကိုချစ်ရာမှာ တဏှာချစ်နဲ့ချစ်တာလား၊ ဂရုဏာအချစ်နဲ့ ချစ်တာလားဆိုတာကိုလည်း ခွဲခြားသိဖို့လိုပါလိမ့်မယ်။ 
          
           တစ်ချို့ဆို ခုမြင်၊ ခုကြိုက်လို့ စိတ်အလိုလိုက်ပြီး ခုယူကြတဲ့လူငယ်တွေ အများကြီး တွေ့ဖူးပါတယ်။ အဲ့လိုအိမ်ထောင်ရေးတွေက မတည်မြဲကြပါဘူး။ အားလုံးကို မဆိုလိုပါဘူးနော် တိုက်ဆိုင်ရင်လည်း ခွင့်လွှတ်ပေးပါ။ ယူကြပြီး မကြာခင်ပဲ သဘောထားက မတိုက်ဆိုင်တော့လို့တို့၊ ဘာမဟုတ်တဲ့ အပြစ်သေးသေးလေးတွေကို ရိုးမယ်ဖွဲ့ပြီး ခွင့်မလွှတ်နိုင်တာတို့၊ လူငယ်သဘာဝ သည်းမခံနိုင်တာတို့၊ အကြောင်းပြချက်ရယ်လို့ အခိုင်အမာဖေါ်ပြလို့မရတဲ့ ကိစ္စလေးတွေနဲ့ ကွဲကြ၊ ကွာကြတဲ့ ထိကို ဖြစ်တော့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ဘ၀ဆိုတဲ့ခရီးကို မျက်တောင်မွေးတစ်ဆုံးလို တိုတိုလေးထင်ခဲ့ကြလိမ့်မယ်၊ မျက်စိတစ်ဆုံးမှ ကြည့်ချိန်တောင်မပေးနိုင်ကြပဲ ခဏတာ သာယာမှုလေးတွေနဲ့ စိတ်အလိုလိုက်ပြီး ယူခဲ့ကြလို့ပေါ့။

          အဲ့ဒီလိုလူတွေရဲ့ ဘ၀အနာဂါတ်က တွေးကြည့်ရင် ရင်လေးစရာပါနော်။ တစ်ခုလပ်ဆိုတဲ့ ဆိုးသွမ်းတဲ့ ဂုဏ်ပုဒ်ကြီးနဲ့ ဘ၀တစ်လျှောက်လုံး ရင်ဆိုင်သွားကြရတော့မှာပါ။ တစ်ယောက်အကြောင်းတစ်ယောက်သိလို့ နောက်အိမ်ထောင်ပြုတယ်ပဲထားဦး၊ ချစ်ရမ္မက်ကြောင့် ခဏတာသာ သာယာကြမှာပါ၊ အိမ်ထောင်ရက်လေး ရလာတာနဲ့အမျှ လင်နဲ့မယား လျှာနဲ့သွား ဆိုသလို မကြာခဏ ကိုက်မိကြတဲ့အခါမှာ အမဲစက်ရှိတဲ့သူက သူ့အပြစ်လေးရှိလို့ အလျှောပေးရတော့မှာလေ။ စိတ်နဲ့ကိုယ်နဲ့ လူသားတစ်ဦးဖြစ်တဲ့ အတွက် ဘယ်အချိန်ထိများ အလျှော့ပေးနိုင်မှာလဲနော်။

          ကျမရဲ့ ပတ်ဝန်းကျင်၊ ကျမရဲ့သူငယ်ချင်းတွေ နဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာကနေရတဲ့ သင်္ခန်းစာတွေက တစ်ပုံတစ်ပင်ပါ။ တစ်ခါတစ်လေ သူငယ်ချင်း အချင်းချင်း ရင်ဖွင့်ကြရင်းနဲ့ အိမ်ထောင်ရေးအကြောင်းတွေ ပြောဖြစ်ကြပါတယ်။ တစ်ခါတစ်လေများဆိုရင် သူတို့ရဲ့ နေရာကနေခဏ၀င်ပြီး ခံစားပေးမိပါသေးတယ်။ ခွင့်မလွှတ်နိုင်စရာ အများဆုံးက အမျိုးသာတွေပါ၊ ဘက်လိုက်တာတော့မဟုတ်ပါဘူး၊ သေချာစဉ်းစားပြီးမှ ပြောတာပါ၊ 

          ကျမသူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်အပျက်လေးကို ပြောပြချင်ပါတယ်၊ ကျမ ဒီပိုစ်လေးကို ရေးရင်းနဲ့တောင် မျက်ရည်ကျမိပါသေးတယ်(အဲ့လိုပဲ ကျမရဲ့စိတ်က အရမ်းနုတာ)။ ကျမသူငယ်ချင်းရဲ့ပုံစံက အရမ်းကိုရိုးတာ၊ သူ့ရဲ့ စိတ်ထားလေးကလည်း တစ်ကယ့်အဖြူထည်လေး၊ ခလေးတစ်ယောက်လိုပဲ၊ တစ်နေ့မှာ အသွားမတော်တစ်လှမ်းလို့ဆိုတဲ့ ရှေးလူကြီးတွေပြောတဲ့စကားလိုပါပဲ၊ အရွယ်လေးကလည်း
ခပ်ငယ်ငယ်ဆိုတော့ မိဘတွေတားနေတဲ့ကြားက ကိုယ့်မြို့မဟုတ်တဲ့ တစ်နေရာကို သူငယ်ချင်းတွေနဲ့ Shopping ထွက်ကြရင်း ဖူးစာဖက်နဲ့ ဆုံခဲ့ကြတယ်လေ၊ အဲ့လိုနဲ့ မကြာခင်မှာ ချစ်သူတွေဖြစ်ကြပြီး ရက်ကနေ လ၊ လကနေ နှစ်တောင်မကူးလိုက်ပါဘူး၊ အရမ်းချစ်လို့ အရမ်းမြတ်နိုးလို့ စိတ်မချလို့ မခွဲနိုင်တော့လို့ ဆိုပြီး ကောင်လေးက သူ့မိဘတွေကို တောင်းခိုင်းတယ်၊ မကြာခင်ပဲ လက်ထပ်တယ်၊ မင်္ဂလာဆောင်တယ်၊ ကောင်မလေး အိမ်ထောင်ကျသွားတယ်ပေါ့ကွယ်။ မိဘတွေဆုံးမထားတဲ့အတိုင်း အသက်လေးငယ်ပေမယ့် မယားဝတ်တရားငါးပါးနဲ့ညီအောင် ကြိုးစားနေရှာတယ်၊ နဂိုကမှ ရိုးရိုးကြီးနေတက်တဲ့ကောင်မလေးက အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်သွားတဲ့အတွက် သူ့ကိုယ်သူ မပြင်ဆင်တော့ပဲ အမြဲတမ်းလိုလို သနပ်ခါးပါးကွက်ကျားလေးနဲ့ပဲပေါ့။ တစ်ရက်တစ်ရက်သူ့မှာ အိမ်မှုကိစ္စလုပ်ရ၊ အိမ်သားကို ပြုစုရနဲ့ ချာချာကိုလည်နေတာပါပဲ၊ အိမ်ရှင်မပီသပြီး အိမ်သားကိုလည်း ဘုရားလိုကိုးကွယ်တဲ့သူပေါ့၊ လိုလေသေးမရှိအောင်ပါပဲ၊ 

         အဲ့လို့အိမ်အလုပ်တွေနဲ့ မအားတဲ့ကြားက ယောက်ျားလုပ်သူ အလုပ်ကပြန်လာလို့ နှုတ်ဆက်အနမ်းလေးပေးနေကျ ကောင်မလေးရဲ့ပါးက သနပ်ခါးမတွေ့ခဲ့ရင်တောင် သနပ်ခါးနံ့သင်းသင်းလေးတော့ သူရမှာပါ။ ဒါကို နားလည်မှုပေးရမှာပေါ့။ မီးဖိုချောင်မှာ ချက် ပြုတ် လျှော်ဖွတ်ရင်း သူ့ခင်ပွန်းပြန်အလာကို ကဗျာကယာလေး တံခါးဖွင့်ပေးတဲ့ အိမ်သူလေးရဲ့ ကပိုကယိုပုံစံလေးကို ပိုပြီးတော့တောင် ချစ်မြတ်နိုးရမှာမဟုတ်လား။ ကြာလာတော့ ပြောင်းလဲတက်တဲ့ ယောက်ျားတွေရဲ့ သဘာဝ စိတ်ကုန်မိတယ်ထင်ပါရဲ့၊ ရိုးအလွန်းတဲ့ အိမ်သူလေးလည်း ခင်ပွန်သည်ရဲ့စိတ်ကို မသိရှာပါဘူး၊ အမူအယာပျက်တာလောက်ပဲသိတာပေါ့၊ အဲ့ဒါကို အော်... ငါ့ယောက်ျား အလုပ်ပင်ပန်းလာလို့ပဲလေဆိုပြီး နားလည်ပေးရှာပါတယ်။ သမီးရည်းစားဘ၀မှာ သူ့ချစ်သူက သူ့ရဲ့ရိုးသားပုံလေးကိုချစ်တယ်၊ ဖြူစင်တဲ့ စိတ်ထားလေးကိုမြတ်နိုးတယ်လို့ တဖွဖွပြောခဲ့ဖူးတော့ သူ့ခင်ပွန်းဘာကြောင့် သူ့အပေါ်စိတ်ထားတွေပြောင်းနေတာလဲဆိုတာကို ရိုးရိုးလေးပဲ သူတွေးတာပေါ့။ ကောင်မလေးက ရိုးသလောက် ကောင်လေးကတော့ အပြင်မှာ ဆန်းဆန်းပြားပြားတွေနဲ့ ပျော်ချင်လာတယ်။ ဆန်းပြားတာတွေကိုလိုချင်လာတယ်။ အကြောင်းပြချက်က သူ့ဇနီးက ရိုးလွန်းလို့တဲ့လေ။ ယောင်္ကျားကောင်းမှန်ရင်၊ ကောင်မလေးကိုလည်းစစ်မှန်တဲ့ မေတ္တာမျိုးနဲ့သာချစ်ရင် ခုလို အပြုအမူမျိုးကို သူလုပ်မိမှာမဟုတ်ပါဘူး။ ပုထုဇဉ်လူသားဖြစ်တဲ့အတွက် အသစ်အဆန်းမြင်ရင် လိုချင်ကြမှာပါပဲ၊ ပြုပြင်ပြောင်းလဲတက်ကြမှာပါပဲ၊ ထို့အတူ မိမိက အိမ်ထောင်ဦးစီးကောင်းတစ်ယောက် သာဆိုရင် မိမိဇနီးကို ပြုပြင်ပြောင်းလဲပေးးရပှာပေါ့၊ ဥပမာ... “မိန်းမရေ..ဒီလိုတော့မလှဘူး.. ဒီလိုလေးပြုပြင်လိုက်ပေါ့” ကောင်လေးရဲ့ ပြောင်းလဲတက်တဲ့စိတ်နဲ့ ကောင်မလေးအပေါ်ထားတဲ့အချစ်မှာ ဂရုဏာမေတ္တာမပါတဲ့အတွက် မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပါ။
          
         တစ်ရက်တစ်ရက် ကောင်မလေးက သူ့ခင်ပွန်းရဲ့စိတ်ကို လေ့လာနေရတာ အမောပါ။ အခြေအနေကို ရိပ်မိတဲ့ ကောင်မလေးရဲ့ သူငယ်ချင်းတွေတိုက်တွန်းမှုကြောင့်ပဲ ကောင်မလေးလည်း သူ့ကိုသူ ပြုပြင်တက်လာတယ်လေ။ အဲ့ဒီလိုဆိုတော့လည်း ခင်ပွန်းလုပ်တဲ့သူက ဘယ်လိုပြောပြန်လဲဆိုတော့ သူ့ထက်တော်ရင်၊ သူထက် ထက်နေရင် သူ့ကိုဆရာလုပ်လာမယ်၊ သူသိက္ခာကျရမယ်ပေါ့၊ အဲ့လိုမခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ ကောင်မလေးရဲ့ စိတ်ကို သူကိုယ်တိုင်ပဲ အရောင်ဆိုးနေတာ။ သူငယ်ချင်းတို့လည်း မိမိချစ်သူဟာ ပြောင်းလဲပြီး သစ္စာမရှိတဲ့ လူစားမျိုးလား၊ တစ်ကိုယ်ကောင်းဆန်ပြီး ဂုဏ်မက်တဲ့ လူစားမျိုးလား၊ မိမိရဲ့ စိတ်ဆန္ဒကိုပဲကြည့်တက်ပြီး တစ်ဖက်သားအပေါ် လစ်လျှူရှူ့တက်တဲ့လူစားမျိုးလား၊ စကားကို လိုအပ်တာထက်ပိုပြီး ပယီပယာပြောတက်လား၊ အပေါင်းအသင်းကို အလွန်အမင်မက်မော တက်တဲ့လူမျိုးလားဆိုတာ သေချာဆန်းစစ်ပါ၊ အခုလိုယောက်ျားမျိုးဆိုလို့ကတော့ ဝေးဝေးရှောင်နော်။  နောင်တဆိုတာ နောင်မှရတက်တယ်ဆိုပေမယ့် ခုလိုနောင်တမျိုးက ခါးသီးတော့ အခြေမခိုင်ရင် ကိုယ်ပဲ နစ်နာရတက်တယ်။ အဲ့လိုနဲ့ပဲ သူတို့နှစ်ဦးအပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုသလို ကွဲကွာခဲ့ရတယ်။ လောကကြီးမှာ အရာရာကိုပြုပြင်ပြောင်းလဲရတာ လွယ်ကူပေမယ့် လူတစ်ယောက်ရဲ့ ပင်ကိုယ်စိတ်ရင်း ကိုတော့ပြောင်းလဲပြစ်ဖို့ မလွယ်ကူလှပါဘူး၊ ဒီလိုပါပဲ ရိုးသားမှုက လုပ်ယူလို့မရတဲ့ အရာပါ၊ လောကကြီးမှာ အင်မတန်လည်း ရှားပါးလာပါပြီး။
        
           ရိုးသားပြီး ဖြူစင်တဲ့ ပင်ကိုယ်စိတ်ရင်းရှိတဲ့လူတစ်ယောက်ရဲ့စိတ်မှာလေ နက်ရှိုင်းတဲ့ မေတ္တာတရားရဲ့ ခွန်အားတွေရှိသလို စိတ်ချင်းဆက်သွယ်နိုင်တဲ့ လေးနက်တဲ့စိတ်အင်အားတွေလည်းရှိတယ်သိလား။ (အဲ့ဒါ ကျမရဲ့ကိုယ်တွေ့ပဲ၊ ကြော်ငြာဝင်တာပါနော်. အဲ့ဒီအကြောင်းတော့ ပြောတော့ပါဝူး) အဲ့လို ကောင်မလေးရဲ့ စစ်မှန်တဲ့စိတ်ခွန်အားတွေကြောင့်ပဲ မကြာခင်မှာပဲ ကောင်လေးက ကောင်မလေးရဲ့ ရင်ခွင်ထဲကို ပြန်ရောက်လာခဲ့ပါတယ်။ သည်အချိန်မှာတော့ ကောင်မလေးက သင်္ခန်းစာတစ်ပုံတစ်ပင်နဲ့ ရင့်ကျက်နေပြီလေ၊ သူ့မှာ လောကကြီးကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေလေရဲ့၊ ကောင်လေးအတွက် စိတ်မကောင်းစရာတစ်ခုကတော့ ကောင်မလေးရဲ့ ရိုးသားဖြူစင်တဲ့စိတ်ရဲ့တန်ဖိုးကိုသိလိုက်ရတဲ့ အချိန်မှာတော့ သူပြန်မရနိုင်တော့ဘူးလေ။ သူကိုယ်တိုင်က အရောင်ဆိုးပေးခဲ့တာကိုး။ ( ဇာတ်လမ်း လေးကတော့ ဒီလောက်ပါပဲနော်)။ 
          ဒါပေမယ့် ရိုးသားတဲ့ ပင်ကိုယ်စိတ်ရင်းရှိတဲ့သူ တစ်ယောက်မှာလေ မရိုးသားမှု ဆိုတာကိုလည်း သူ့နှလုံးသားက ကြာရှည်လက်ခံလို့ မရနိုင်ပါဘူး။ ထိုသို့သောလူမျိုးရဲ့ ဘ၀ကို တန်ဖိုးထားသင့်သလို စိတ်ကိုလည်း အရောင်မဆိုးသင့်ပါဘူး။ 
          
          ကျမဘ၀မှာ အထင်ကြီးပြီး လေးစားရတဲ့သူတစ်ယောက်ရှိတယ်၊ သူ့ဘ၀ရဲ့ခံယူချက်ကိုလည်း ပြောပြဖူးတယ်၊ သူပြောပြတဲ့ စကားတွေကတော့......
        လောကကြီးမှာ အရွယ်ရောက်ပြီး အရာရာကို စဉ်းစားဆုံးဖြတ်နိုင်ပြီဆိုရင် မိမိဘ၀ကို တည်ဆောက်ဖို့အတွက် သေချာစဉ်စားဆုံးဖြတ်ပြီးမှ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချတက်ရမယ်။ ဆုံးဖြတ်ချက်ချပြီးရင်လည်း မိမိကောင်းရင် ကောင်းတဲ့သုခကိုစံမယ်၊ မကောင်းရင်လည်း မကောင်းတဲ့ဒုက္ခကို ခံမယ်၊ အဲ့ဒီဒုက္ခကို မခံစားနိုင်လို့ နောက်ဆုံး သေရင်သေပါစေ နောက်မဆုတ်ပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်။ ကောင်းမယ်ထင်လို့ လျှောက်ခဲ့တဲ့လမ်း၊ ကိုယ်တိုင်ရေးခဲ့တဲ့ ကိုယ့်သမိုင်း ဆုံးဖြတ်ချက်ချထားတဲ့ အတိုင်း လမ်းဆုံးတဲ့အထိ ဆက်လျှောက်မယ်၊ မိမိကြောင့်တော့ သူတစ်ဖက်သား ဘယ်တော့မှ မထိခိုက် မနာကျင်စေရဘူးတဲ့၊ ပစ္စုပန်ကိုအကောင်းဆုံး ဖန်တီးယူမယ်။ သူ့ဘ၀ကိုလည်း သူအဲ့ဒီလိုပဲ တည်ဆောက်ထားတာပါတဲ့၊ အဲ့ဒါမှလည်း လောကမှာ အသိဥာဏ်ပြည့်ဝတဲ့ လူကောင်းတစ်ယောက်အဖြစ် ဂုဏ်ယူနိုင်မှာတဲ့..............။ 

           ကျမ သူ့ကို အရမ်းလေးစားသွားတယ်၊ ရင်ထဲမှာလည်း အခုထိ အမှတ်ရနေသေးတယ်၊ သူ့စကားသေချာ စဉ်းစား ကြည့်ရင် သနား၊ ဂရုဏာ၊ မုဒိတာဆိုတဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားတွေ ပါနေတယ်ဆိုတာ ကျမခံစားမိပါတယ်။ 
          ဒါကြောင့် ချစ်သူတိုင်းလည်း ညားကြပါစေ၊ ညားသူတိုင်းလည်း တစ်ယောက်ကိုတစ်ယောက် သစ္စာရှိလို့ အိမ်လေးတစ်လုံးကို စစ်မှန်သော ချစ်ခြင်းမေတ္တာပြည့်ဝစွာနဲ့ ရာသက်ပန် တည်တံ့ခိုင်မြဲအောင် တည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။

ဝန်ခံချက်။     ။ အရမ်းကြီး သိလို့ တက်လို့ရယ်တော့ မဟုတ်ပါဘူး။ ကျမဖတ်မိသမျှ ဗဟုသုတတစ်ချို့ကို ရင်ထဲက ခံစားချက်လေး နည်းနည်းထဲ့လို့ ပတ်ဝန်းကျင်ရဲ့ ဖြစ်ခြင်း ပျက်ခြင်း အမြင်လေးတွေနဲ့ ကိုးကားထားခြင်းဖြစ်ပါတယ်။ မည်သူ့ကိုမှရည်ရွယ်ထားခြင်း မဟုတ်တဲ့အတွက် တိုက်ဆိုင်မှုလေးများ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေရှင်။                   

Wednesday, July 4, 2012

ဘ၀တစ်ခု၏ အဆိုးအကောင်း

အချစ်ရဆုံးပေမယ့်
ခွဲခွာမှုတွေနဲ့ နိဂုံချုပ်ရတော့လည်း
တရားသဘောနဲ့ ဖြေသိမ့်ခဲ့ရဖူးတယ်။

မုန်းတီးနေပေမယ့်
အချိုဆုံးအပြုံးတွေနဲ့ နှလုံးသားကခိုင်းစေတော့လည်း
ခွင့်လွှတ်စွာနဲ့ မေ့ပြစ်ခဲ့ဖူးတယ်။

ဆုံးရှုံးနေပေမယ့်
ဖြူစင်တဲ့သီအိုရီတွေနဲ့ ရိုးသားစွာကြိုးစားခဲ့တော့လည်း
ချွေးစက်တွေကြား အနိုင်ရခဲ့ဖူးတယ်။

အားငယ်နေပေမယ့်
အတ္တကင်းတဲ့သံယောဇဉ်တွေနဲ့ သန့်ရှင်းစွာခင်တွယ်ခဲ့တော့လည်း
ကမ္ဘာမြေရဲ့တစ်နေရာဆီက ခွန်အားတွေလည်းရခဲ့ဖူးတယ်။

လောကဓံကခါးသီပေမယ့်
ရှင်သန်မှုရဲ့တန်ဖိုးတွေနဲ့ လေ့ကျင့်ဖြေသိမ့်ခဲ့ရတော့လည်း
ခဏရတဲ့ဒီကာလမှာ စိတ်ဒဏ်ရာကိုမေ့ခဲ့ဖူးတယ်။

ဆန္ဒပါးပါး မထားချင်ပေမယ့်
မာယာစုံတဲ့သကာရုံတွေနဲ့ ငါ့ဘ၀ကိုအလွှာခြုံခဲ့မိလို့လည်း
ရှိုက်သံတွေကြား နောင်တများလည်းရခဲ့ဖူးတယ်။